Cover Stories   |   Posted on Oct 31, 2017 by Tun Lin

ကာရိုက်တာတစ်ခုကို ပရိသတ်တွေ ကြိုက်နိုင်မလား၊ မကြိုက်နိုင်ဘူးလားဆိုတာ ရင်ခုန်ရတာကြိုက်တဲ့ ဖွေးဖွေး


“ဣတ္ထိယ” ဇာတ်ကားမှာ မျှော့တွယ်ခံရတဲ့ ဖွေးဖွေး

Share this article

ယောက်ျားလေးပရိသတ်ရော၊ မိန်းကလေးပရိသတ်ရော၊ သက်ကြီးရွယ်အိုတွေရော၊ လူငယ်တွေရော၊ လူလတ်တွေရော၊ ကလေးပိစိတွေရော အကုန်လုံးသူမကို ချစ်ခင်ကြတယ်။ မင်းသမီးတစ်ယောက်ဆိုပေမယ့် မင်းသမီးလို အပေါ်စီးဘော်ကျော့မနေဘဲ သဘာဝဆန်တဲ့ သာမန်သူလိုကိုယ်လို နေတတ်တဲ့ သူမရဲ့အနေအထိုင်အပြုအမူတွေကြောင့် သူမကို ပိုချစ်ကြတာလည်းပါပါတယ်။ ကျွန်တော်စမြင်ဖူးတဲ့ ဖွေးဖွေးက Oopsie Eyes ဆိုတဲ့ ကိုယ်ပိုင်မြူးဇစ်လုပ်တဲ့ Band နဲ့ အီမိုပန့်ခ်ဆန်ဆန်၊ ယောက်ျား ဆန်ဆန်ကောင်မလေးတစ်ယောက်ပါ။  Big Bag က ကိုကျားပေါက်နဲ့ “ကိုယ်ဖြစ်ကိုယ်ခံ”နဲ့ “Don’t go away”ဆိုတဲ့ သီချင်းတွေကိုတွဲဖက်သီဆိုခဲ့ဖူးပါတယ်။ ဖွေးဖွေးပြောပြ တာကတော့ ကိုကျားပေါက်သီချင်းကို အရမ်းကိုဆိုချင်တဲ့အတွက် ကိုကျားပေါက် Key နဲ့ဆိုဖို့ပြင်ထားတဲ့သီချင်းကို အတင်းပဲကပ်ဆိုခဲ့တယ်လို့ပြောပြခဲ့ဖူးပါတယ်။ နောက်တော့ “ဘိုမ” ဇာတ်ကားနဲ့ “ကျူးပစ်ရဲ့ကျေးကျွန်များ” ဇာတ်ကားတွေမှာ သူမရဲ့ သဘာဝဆန်ဆန်သီဆိုထားတာတွေကို နားဆင်ခဲ့ရပါတယ်။ လက်ရှိအချိန်ထိဖွေးဖွေး ရဲ့သရုပ်ဆောင်ဘ၀မှာတော့ အကယ်ဒမီရွှေစင်ရုပ်နှစ်ခုကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

ဒီကာဗာရိုက်ကူးမှုအတွက် ဖွေးဖွေးရဲ့ စိတ်ခံစားမှုအကြောင်းနဲ့ပဲစလိုက်ရအောင်။
အခုအသစ်ဖွင့်ထားတဲ့ Lotte Hotel မှာပထမဆုံးစရိုက်ဖူးတာပေါ့။ MODA နဲ့လည်းမဆုံတာကြာပြီ။ ကိုနေတိုးနဲ့လည်းမဆုံတာကြာတော့ပြန်ဆုံတယ်။ နောက်ထပ်အမှတ်တရ ကတော့ ဒီ Cover Shot ကို Samsung Galaxy Note 8 နဲ့ရိုက်ကြတယ်ပေါ့နော်။ ပြီးတော့ အခုကာဗာရိုက်ပေးတဲ့ ကိုထက်အောင်ကျော်နဲ့လည်းမဆုံတာကြာပြီ။ ဒီမှာမဆုံတာကြာပြီး ပြန်ဆုံကြတဲ့သူတွေချည်းပဲ။ ပျော်စရာကောင်းပါတယ်။

ရိုက်ကူးနေတဲ့အချိန် ပုံအကြမ်းကြည့်ရတာရော သဘောကျခဲ့ရဲ့လား။
သဘောကျပါတယ်။ ဒါပေမယ့် စာမျက်နှာပေါ်မှာရော ဘယ်လိုပုံတွေထွက်လာမလဲဆိုတာ ရင်ခုန်နေပါတယ်။ ပြီးတော့ ဒီဟာက ဖွေးအတွက်ပထမဆုံးသော ဖုန်းနဲ့ရိုက်ကူးတဲ့ မဂ္ဂဇင်းကာဗာလည်းဖြစ်ပါတယ်။

“ဣတ္ထိယ” ဇာတ်ကားမှာ မျှော့တွယ်တဲ့အကြောင်းလေးပြောပြပါဦး။ ဘယ်ဇာတ်ဝင်ခန်းမှာ ဖြစ်သွားတာလဲ။
ဟုတ်တယ်။ အဲဒါကတော့ တစ်ခါမှမရိုက်ဖူးတဲ့အခန်းရိုက်ရတာပေါ့နော်။ ဗွက်တောထဲမှာ ရန်ဖြစ်ကြတာပေါ့။ Mad Fight  ပေါ့၊ ဆံပင်တွေဆောင့်ဆွဲကြ၊ ဖင်တွေဆောင့်ကန်ကြနဲ့ အဖွဲ့လိုက်ကြီးချကြတာပေါ့။ ရိုက်နေတုန်းကတော့ သွေးပူနေတော့မသိလိုက်ဘူး။ ရိုက်ပြီးသွားတဲ့အချိန်မှာ ပေါင်နဲ့ ခြေသလုံးမှာ သွေးပေါက်လေး နှစ်ပေါက်စီဖြစ်နေတာ။ မျှော့ ကိုတော့မတွေ့လိုက်ဘူး။ မတွေ့လိုက်လို့လည်းတော်သေးတယ်။ တွယ်နေတဲ့တန်းလန်းကြီးသာ တွေ့လိုက်ရင် သတိလစ်သွားမလားပဲ မပြောတတ်ဘူး။

လက်ရှိမှာ ဖွေးဖွေးဆီကနေပရိသတ်တွေမျှော်လင့်စရာ ဘာတွေရှိနိုင်မလဲ။
ဖွေး ဗီလိန်လုပ်ထားတဲ့ကား ရုံတင်ဖို့ရှိပါတယ်။ 3G ဆိုတဲ့ကားပေါ့။ ဖွေးနဲ့အတူ မင်းသမီးထဲမှာ ပိုင်ဖြိုးသုပါမယ်၊ အိချောပိုပါတယ်။ မင်းသားကတော့ အလင်းရောင်ပါ။ နောက်တစ်ကားက “ရွှေကြာ”ပေါ့၊ “ရွှေကြာ”ကတော့ နှစ်ကုန်မှဖြစ်ရင်ဖြစ်မယ်။ နောက်နှစ်ဆန်းကို ကူးရင်ကူးနိုင်မယ်။ လောလောဆယ်တော့ အနီးဆုံးမှာ အဲဒီနှစ်ကားက အရင်ဆုံးလာမယ်ထင်ပါတယ်။

အထူးသဖြင့် မင်းသား၊ မင်းသမီးအများစု ပရိသတ်မုန်းသွားမှာစိုးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ရွေးချယ်လေ့မရှိကြတဲ့ ဗီလိန်ကာရိုက်တာကို ဖွေးဖွေးရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းရင်း က ဘာကြောင့်လဲ။
3G မှာ က အပြင်မှာလူတိုင်းလက်မခံနိုင်တဲ့မိန်းကလေးပုံစံမျိုးပေါ့။ ပြောရရင်စနိုက်ကြော်ပေါ့။ ဖွေးက ကိုယ့်ကာရိုက်ဝင်ဖို့ကိုပဲ စဉ်းစားတယ်။ လူမုန်းမှာတွေ ဘာတွေသိပ်မတွေး ဘူး။ အဲဒီကားမှာ ကာရိုက်တာနာမည်က ခေါင်ပွင့်ပေါ့။ သူက သူ့ Best Friend ရဲ့ ကောင်လေးကိုမှ ကြိုက်မိတယ်ပေါ့။ ငယ်ငယ်ကတည်းက အမြဲတမ်းလိုလေသေးမရှိ အမြဲတမ်းလိုချင်တာကို ရတဲ့ မိန်းကလေးဖြစ်တယ်ဆိုတော့ ကြီးလာတော့လည်း သူလိုချင်တာကို ရအောင်ကြိုးစားမိတဲ့ ပုံစံမျိုးပေါ့။ မကောင်းဘူးပေါ့။ ဖွေးအနုပညာသက်တမ်းက ဆယ်နှစ်လောက်ရှိပြီပေါ့နော်။ ဖွေးက ဒီအနုပညာအလုပ်စလုပ်ကတည်းက စိန်ခေါ်မှုရှိတဲ့အလုပ်တွေကို လုပ်ရတာပိုပြီးတော့သဘောကျတယ်။ လူကြိုက်မှာအရမ်းသေချာလွန်းတဲ့ ဟာမျိုးကျတော့ လုပ်ရမှာနည်းနည်းပျင်းတယ်ပေါ့နော်။ ပရိသတ်တွေကြိုက်မှကြိုက်ပါ့မလား၊ ငါ့ကိုများမုန်းကြမလား ချစ်ကြမလား အဲလိုရင်ခုန်ရတဲ့ဇာတ်ကားမျိုး၊ လုပ်ရတဲ့ ကာရိုက်တာမျိုးကို သဘောကျတယ်။ ကိုယ့်ဘက်ကတော့ အပြည့်အ၀ကြိုးစားထားမယ်။ ဒါပေမယ့် ပရိသတ်ကြိုက်မကြိုက်မသေချာဘူး။ အဲလိုကားမျိုးကို ရင်ခုန်ရတာကြိုက် တယ်။

လက်ရှိအချိန်မှာ ဇာတ်လမ်းရွေးချယ်တဲ့နေရာမှာ ဘာတွေအပြောင်းအလဲလုပ်ထားတာရှိလဲ။
အရင်ကထက် ကားရိုက်တာကိုလျှော့ပြီးတော့ရိုက်ပါတယ်။ ဖွေးက ဇာတ်ကားအတွက် ပြင်ဆင်တဲ့အချိန်ကို အရင်ကထက် ပိုယူပါတယ်။ အိမ်ကိုလာပေးထားတဲ့ ဇာတ်တွေ ကတော့ တော်တော်လေးများတယ်။ ငြင်းဖြစ်တာတွေလည်းတော်တော်လေးများတယ်။ ငြင်းဖြစ်တာတွေတော့ ဖွေးဘယ်တုန်းကမှာ အပြင်လူဘယ်သူ့ကိုမှပြောမပြပါဘူး။ ဖွေးက ဟိုးအစတုန်းကတည်းက ဒီအချိန်ထိ ကိုယ်လုပ်ချင်တာပဲ ကိုယ်လုပ်တာ။ ကိုယ်မလုပ်ချင်တာတွေကို အောင့်ပြီးတော့ လုပ်ကြည့်ဖူးတယ်။ နေလို့ထိုင်လို့လည်းမကောင်းဘူး။ စိတ်အရမ်းဆင်းရဲတယ်။ အကုန်စမ်းကြည့်ဖူးတယ်။ မလုပ်ချင်တာတွေလုပ်ဖူးတယ်။ အမှားတွေလည်းလုပ်ဖူးတယ်။

ဖွေးဖွေးအနေနဲ့ လက်ရှိမှာ ဗီဒီယိုရိုက်ကူးမှုကရော ဘယ်လိုရှိလဲ။ ရိုက်ကူးဖြစ်သေးရဲ့လား။
ဗီဒီယိုမရိုက်တာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ရုပ်ရှင်ရိုက်ဖြစ်နေတာများတယ်။ ဗီဒီယိုကိုက ပရိုဂျူဆာတွေကလည်း အများကြီးအကုန်အကျခံပြီးမရိုက်ချင်ကြတာများတယ်။ ဖွေးကကိုယ့်အတွက်ရော၊ ပရိုဂျူဆာအတွက်ရော ပိုပြီးကောင်းမယ့် အကျိုးရှိမယ့် ဇာတ်လမ်းမျိုးကို ရွေးချယ်တဲ့အခါမှာ ရုပ်ရှင်တွေများသွားတဲ့သဘောပါ။

ကျွန်တော်က Oopsie Eyes ကိုသဘောကျသူတစ်ယောက်အနေနဲ့ မြူးဇစ်တွေလည်းနားထောင်ချင်မိတယ်။ မြူးဇစ်နဲ့ပတ်သက်ပြီး ဘာတွေဆက်လုပ်သွားဖို့ရှိသေးလဲ။
အခုတော့မရှိသေးပါဘူး။ “ဘိုမ”နဲ့ “ကျူးပစ်ရဲ့ကျေးကျွန်များ”မှာ ဇာတ်ဝင်သီချင်းကိုဆိုဖြစ်ခဲ့တယ်။ ဒီဟာကို အရမ်းကြီးအချိန်ပေးပြီး အယ်လ်ဘမ်တစ်ခုဖြစ်လာအောင် ကြိုးစားနေ တာမျိုး၊ သီချင်းတွေထွက်လာအောင်ကြိုးစားနေတာမျိုး ခုလောလောဆယ် ဖွေးမှာမရှိပါဘူး။

ဖွေးဖွေးခန္ဓာကိုယ်ပေါ်ကိုနောက်ထပ်ရောက်လာနိုင်တဲ့ တက်ကူးက ဘာပုံဖြစ်မလဲ။
ကြာပန်းပုံလေးပေါ့။ ပြီးတော့လက်ရှိနှင်းဆီပန်းကိုသစ်ရွက်တပ်ချင်တာ။ မအားသေးလို့မတပ်ဖြစ်သေးဘူး။ ဖွေးက ငယ်ငယ်လေးကတည်း အမှတ်တရအနေနဲ့ပဲထိုးတာ။ ဘာမှမျှော် မှန်းပြီးထိုးတာတော့မဟုတ်ဘူး။ လက်ပံတုန်းကလည်း လက်ပံထိုးတယ်။ ကိုယ်အရမ်းအမှတ်တရဖြစ်တဲ့ကားတွေဆိုရင် ထိုးဖြစ်ပါတယ်။

ဖွေးဖွေးဘ၀မှာ အပြင်လူပရိသတ်ကြောင့် စိတ်ဓာတ်ကျခဲ့ဖူးတာ၊ ခွန်အားဖြစ်ဖူးတာမျိုးရှိဖူးလား။
ရှိဖူးပါတယ်။ အခုအချိန်မှာတော့ အဲဒါတွေအားလုံးက လွတ်မြောက်သွားပါပြီ။ စိတ်ညစ်ရမှာပျင်းသွားပြီ။ စာအုပ်ဆိုလည်း ဆရာတော်ဦးဇောတိကရဲ့ “လွတ်လပ်သောစိတ်” တို့ အဲလိုစာအုပ်မျိုးတွေဖတ်ဖြစ်တယ်။

ဖွေးဖွေးစိတ်ညစ်တဲ့အခါ ဘာတွေလုပ်ဖြစ်လဲ။
ငရုပ်သီးအရမ်းစပ်တဲ့ဟာတွေစားလိုက်တယ်။ ပွင့်သွားတယ်ပေါ့။ ပွင့်ပြီးတော့ နည်းနည်း Stress တွေပြေသွားတယ်။ အခုနောက်ပိုင်းမှာတော့ စိတ်ညစ်တာတို့တောင် သိပ်အဖြစ်မခံတော့ဘူး။ အရင်တုန်းကဆိုလို့ရှိရင် မရဘူး။ အခု စိတ်ကိုထားတတ်သွားတယ်။ အေးဆေးဖြစ်သွားပြီ။ အရင်နှစ်ကကျတော့ စိတ်ညစ်တာတွေရော၊ စိတ်မထားတတ် တာတွေရော ဘေးနားက Negative Effect တွေကိုစုပ်ယူတတ်တဲ့သဘောရှိတယ်ပေါ့။ အခုတော့ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ ကိုယ့်ကို Positive အတွေးပေးနိုင်မယ့်အရာ အားလုံးကိုပဲ အာရုံထားလိုက်တယ်။ ဒီနှစ်မှာ ဖွေး စိတ်ညစ်တယ်ဆိုတာ အရမ်းရှားတယ်။ ဒီနှစ်ထဲမှာ ဖွေးက Happy ဖြစ်ရမယ်၊ Healthy ဖြစ်ရမယ်၊ အဲဒီဘက်ကိုသွားတယ်။ အရင်နှစ်တွေတုန်းကတော့ ဘာမှမျှမျှတတမဖြစ်ဘူး။

ဒီအင်တာဗျူးမတိုင်ခင်ပေါ့၊ ဖွေးဖွေးနောက်ဆုံးငိုခဲ့တာ ဘယ်တုန်းကလဲ။ ဘာကြောင့်လဲ။
အေးနော်၊ အဲလိုတွေးကြည့်လိုက်မှပဲ ကိုယ့်ကိုယ်ကိုကျေနပ်သွားတာ။ ဒီနှစ်ထဲမှာ သိပ်မငိုရသေးဘူး။ နောက်ဆုံးငိုခဲ့တယ်ဆိုတာတောင်သိပ်မမှတ်မိဘူး။ ရုပ်ရှင်ကြည့်ပြီးငို တာလောက်တော့ရှိမယ်ထင်တယ်။ စိတ်ညစ်ပြီးငိုတာမရှိဘူး။

ဖွေးဖွေးမတီးတတ်ဘဲ အတီးတတ်ချင်ဆုံးတူရိယာက ဘာဖြစ်မလဲ။
ဒရမ်အရမ်းတီးတတ်ချင်တယ်။ ဒါပေမယ့် တစ်ခါမှ မ Try ဖြစ်သေးဘူး။

ဖွေးဖွေးဖူးစာဆိုတာကိုရောယုံလား။ ပထမတစ်ခေါက်တုန်းကတော့ ယောက်ျားတစ်ယောက်အကြောင်းကို စိတ်ကူးမယဉ်ဖူးဘူးလို့ဆိုထားတယ်အခုကော။
ဖွေးကတော့ ဘာဖြစ်မယ်မှန်းကို ကိုယ့်ဘာသာမသိသေးတာ။ မိသားစုကိုတစ်ခုကို စိတ်ကူးယဉ်တယ်ဆိုတာမျိုး တစ်ခါတစ်လေတော့ရှိပါတယ်။ အခု ဖွေးက အနုပညာအလုပ်တွေ လုပ်လို့လည်းမ၀သေးဘူး။ အပျိုကြီးလည်းဖြစ်ချင်တယ်။ 50 - 50ဖြစ်နေတာပေါ့နော်။ တစ်ခါတစ်လေ သူများမိသားစုတွေကြည့်ပြီးတော့လည်း ကြည်နူးမိတာမျိုးတော့ ဖြစ်တယ်။

အောင်လင်းသစ်
PHOTOGRAPHED BY HTET AUNG KYAW(STUDIO HAK) / STYLING BY DONG DONG / Hair & Make up: MA CHO/MA KHAING(HELLO) / Fashion Designer: MA PONT(MY FAVOURITE) / Location Sponsored by LOTTE HOTELS & RESORTS YANGON



Share this article

TOP 5 ARTICLES


Celebrity Beauty   |   Posted on Nov 15, 2018

Pop Princess လေး Dua Lipa...


Celebrity News   |   Posted on Nov 15, 2018

ဒီဇင်ဘာလ ၅ရက်နေ့မှာ လက်ထပ...


Beauty Box   |   Posted on Nov 14, 2018

The Body Shop ရဲ့ ရင်ခုန်...


Celebrity Beauty   |   Posted on Nov 14, 2018

DRAMA SERIES အသစ်တစ်ခုထွက...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.