People   |   Posted on Jun 22, 2017 by Moe Thandar Lwin

စိတ်ဆန္ဒပြင်းပြမှုကြောင့် ၀န်ထမ်းဘ၀ကနေ ၀ါသနာပါရာအနုပညာလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာခဲ့တဲ့ အစီအစဉ်တင်ဆက်သူ ကျော်ထက်အောင်


“မီးလေးခဏလောက်မှိန်ပေးပါလားခင်ဗျာ။ ကျွန်တော်ခဏနေပြန်လာခဲ့ပါ့မယ်” လို့ ကြားလိုက်ရင် ဘယ်သူ့ကို ပြေးမြင်ကြပါလိမ့်နော်

Share this article

“မီးလေးခဏလောက်မှိန်ပေးပါလားခင်ဗျာ။ ကျွန်တော်ခဏနေပြန်လာခဲ့ပါ့မယ်” လို့ ကြားလိုက်ရင် ဘယ်သူ့ကို ပြေးမြင်ကြပါလိမ့်နော်။ ဟုတ်ပါတယ်။ ဇွန်လအတွက် ရွေးချယ်ထားတဲ့ MODA Man ကတော့ Myanmar Idol ပရိသတ်တွေရဲ့အချစ်တော် အစီအစဉ်တင်ဆက်သူ ကိုကျော်ထက်အောင်ပဲဖြစ်ပါတယ်။ ကိုကျော်ထက်အောင်ရဲ့ အလွန် Passionate ဖြစ်တဲ့ Presenter လုပ်ငန်းတွေ၊ အခုနောက်ပိုင်း တစ်လှမ်းချင်းချီတက်နေပြီဖြစ်တဲ့ ရုပ်ရှင်အနုပညာလုပ်ငန်းတွေနဲ့ ကိုကျော်ထက်အောင်ကို MODA ပရိသတ်တွေအတွက် ဒီလမှာတော့ ကျွန်မတို့ရဲ့ MODA Man စာမျက်နှာပေါ်ကို ခေါ်ဆောင်လာခဲ့ပါပြီ။ ကျွန်မတို့ထက် ၀ိရိယအားကောင်းတဲ့ ကိုကျော်ထက်အောင်ကတော့ ချိန်းထားတဲ့အချိန်ထက်စောပြီး Shane Photo Studio ကို ရောက်ရှိနေခဲ့ပါတယ်။ ဒါနဲ့ Photo Shoot အတွက် ပြင်ဆင်နေရင်းနဲ့ပဲ ကျွန်မတို့နှစ်ယောက်ရဲ့ Interview လေးကို စတင်လိုက်ပါတော့တယ်။

သူ့ကို ကျွန်မ ပထမဆုံးသတိထားမိတာကတော့ အသံပါပဲ။ Presenter တစ်ယောက်အနေနဲ့ကတော့ လုံးဝပြီးပြည့်စုံပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ အသံသြဇာကို ပိုင်ဆိုင်ထားတာပါပဲ။ ဒါကတော့ ကိုကျော်ထက်အောင် ရှင်သန်ရမယ့် ဘ၀လမ်းကြောင်းအတွက် ဘုရားကပေးတဲ့ပါရမီတစ်ခုများလားလို့တောင် ကျွန်မထင်မိပါတယ်။ ပြောသွားဖြေသွားတဲ့ စကားလုံးတိုင်းက တိကျသေသပ်မှုရှိတယ်။ သာမာန်အချိန်စကားပြောတာကအစ အသံနေအသံထား အဖြတ်အတောက်နဲ့ စကားလုံးပီသမှုတွေကို လူအများကို အစီအစဉ်တင်ဆက်ရတဲ့ စတိတ်စင်ကြီးပေါ်မှာသာမဟုတ်ပဲ အပြင်ဖက်နေ့စဉ်ဘ၀ထဲကိုပါ သယ်ဆောင်လာနိုင်တာက သူ့ရဲ့ Career လမ်းကြောင်းမှာ “ကျော်ထက်အောင်” ဆိုပြီး ဖြစ်လာစေတဲ့ အရည်အချင်းတစ်ရပ်ဆိုတာ လုံးဝသေချာပါတယ်။

လက်ရှိတော့ ကိုကျော်ထက်အောင်က သူ့ကို အားပေးနေတဲ့ပရိသတ်တွေအတွက် ရုပ်ရှင်အနုပညာလမ်းကြောင်းမှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်ခံရိုက်ကူးလျှက်ရှိနေတယ်လို့ သိရပါတယ်။ မကြာခင်မှာ ကိုကျော်ထက်အောင်ရဲ့အသည်းစွဲပရိသတ်တွေကတော့ သူ့ကို ရုပ်ရှင်သရုပ်ဆောင်တစ်ဦးအနေနဲ့ မြင်တွေ့ရတော့မှာပါ။ Myanmar Idol မှာ Host တစ်ယောက်အဖြစ် ဆက်လက်မြင်တွေ့နိုင်ဖို့ကတော့ MNTV ရဲ့ ကမ်းလှမ်းမှုအပေါ်ပဲ မူတည်တယ်လို့ သိရပါတယ်။

“နောက်ဆုံးရိုက်ထားတာကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါ။ နောက်တစ်ခု နိုင်ငံတော်အတွက်ရိုက်ရမယ့် ရုပ်ရှင်ဇာတ်ကားကြီးလည်း ရှိပါတယ်။ အဲဒီ့ကားတစ်ကားလက်ခံထားပါတယ်။ ရုံကြီးကားပါပဲ” လို့ လက်ရှိအနုပညာလှုပ်ရှားမှုတွေကို ပြောပြပါတယ်။

သူ့အနေနဲ့ကတော့ လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလထဲက အနုပညာလမ်းကြောင်းမှာ အမြဲတစ်စိုက်မက်မက် ကြိုးစားနေခဲ့တာဖြစ်တဲ့အတွက် Myanmar Idol မှာ ရရှိခဲ့တဲ့အောင်မြင်မှုကတော့ သူ့ရဲ့အနုပညာအသီးအပွင့်တွေလို့ ပြောလို့ရပါတယ်။ ဒီအပေါ်မှာ သူထားတဲ့ စိတ်ကျေနပ်မှုကတော့ “ကျွန်တော် ကြိုးစားရကျိုးနပ်ပါတယ်။ ကျေနပ်ပါတယ်။ အခု ဒီလမ်းကြောင်းပေါ်မှာပဲ ကြိုးစားလာတဲ့အတွက်ကြောင့် နေရာတစ်ခုရတယ်လို့ မြင်ပါတယ်”

အားလုံးသိတဲ့အတိုင်းပါပဲ။ Myanmar Idol လို အောင်မြင်တဲ့ ဂီတရှိုးပြိုင်ပွဲကြီးတစ်ခုမှာ လူအများရဲ့ အာရုံစိုက်မှုရအောင် Host တစ်ယောက်အနေနဲ့ ကြိုးစားရတဲ့အပိုင်းက အတော့်ကိုခက်ခဲမှာပါပဲနော်။ ဒီလိုအခက်အခဲတွေကိုရော ကိုကျော်ထက်အောင်အနေနဲ့ ဘယ်လိုကျော်ဖြတ်ခဲ့ရပါလိမ့်။ ဒါကတော့ သူ့ရဲ့ ကိုယ်စွမ်းကိုယ်စအပြင် တခြားပညာရပ်ပိုင်းဆိုင်ရာနဲ့ အတွေ့အကြုံ၊ သင်ယူလေ့လာမှုစတာတွေ အများကြီး လိုအပ်မှာပါ။ အဲဒီ့အကြောင်းကိုလည်း မေးကြည့်တဲ့အခါမှာတော့

“ကျွန်တော် ဒီ Presenter အလုပ်ကို Passionate ဖြစ်လာတဲ့အခါ ကျွန်တော် ကြိုးစားပါတယ်။ သင်ယူပါတယ်။ လေ့လာပါတယ်။ Self Study လုပ်ပါတယ်။ ပြည်တွင်းရောပြည်ပရော Presentation Skill ရှိတဲ့သူတွေကို လေ့လာပါတယ်။ နောက်ဆုံး မြန်မာ့အသံက သတင်းကြေညာသူ၊ ရေဒီယိုမှာကြေညာသူကအစ ကျွန်တော်လေ့လာပါတယ်။ Internet ခေတ်စားလာတဲ့နောက်ပိုင်းမှာ Youtube မှာခေတ်စားတဲ့ အစီအစဉ်တွေ၊ Channel လိုင်းတွေကနေတစ်ဆင့် လေ့လာရင်း သင်ဆရာ၊ ကြားဆရာတွေကတစ်ဆင့် တတ်မြောက်ခဲ့ပါတယ်” လို့ သူ့ရဲ့ Presentation Skill နဲ့ပတ်သက်ပြီး သင်ယူလေ့လာရသမျှတွေကို ပြောပြပါသေးတယ်။

ကိုကျော်ထက်အောင်ရဲ့ အောင်မြင်မှုလမ်းကြောင်းကို အစဖော်ပေးတဲ့လုပ်ငန်းက MC တစ်ယောက်ဖြစ်ခဲ့တဲ့အတွက်ကြောင့် သူ့အနေနဲ့ ပရိသတ်အများကို Presentation လုပ်ရတဲ့ ဒီအလုပ်တွေကို ဘယ်တော့မှ စွန့်လွှတ်ဖို့မရှိဘူးလို့ ဆိုလိုက်တာကို ကျွန်မ ကြားလိုက်ရတဲ့အခါ အံ့သြခဲ့ရတာအမှန်ပါပဲ။ လူတိုင်းဟာ လောကသဘာဝအရ ဒီ့ထက်ပိုကောင်းတဲ့နေရာတစ်နေရာရလာခဲ့မယ်ဆိုရင် လက်ထဲကအရာကို စွန့်လွှတ်နေကြစမြဲပါပဲ။ ဒါပေမယ့် သူ့ရဲ့ အလုပ်ကိုလေးစားပြီး အလုပ်ကျေးဇူးကိုသိတတ်တဲ့လူမျိုးအတွက်ကတော့ အောင်မြင်မှုဆိုတာ ထပ်ပြီးဆက်ပြီးရောက်လာဦးမယ့် ဆုလာဘ်တစ်ခုဖြစ်တာ အသေအချာပါပဲ။

ကိုကျော်ထက်အောင်က ပွဲဦးထွက် “သူငယ်”ဇာတ်ကားအကြောင်းတွေနဲ့ “အောင်ခေတ်မင်းရုပ်ရှင်ထုတ်လုပ်ရေး”နဲ့ လက်တွဲဖြစ်သွားပုံလေးတွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

“အောင်ခေတ်မင်းရဲ့ ကိုစည်သူအောင်၊ ဒေါက်တာခင်သီတာရီဆိုတဲ့လင်မယားနှစ်ဦးစလုံးက Myanmar Idol ရဲ့ ပရိသတ်တွေပါ။ သူတို့က Production အသစ်တစ်ခုကို စတင်တည်ထောင်မယ်ဆိုတဲ့အခါမှာ သူငယ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားက သူတို့လက်ထဲမှာ ရောက်နေပါပြီ။ အဲဒီ့အချိန်မှာ ဒီဇာတ်ကောင်အတွက် ဘယ်သူလိုက်မလဲ ရွေးတဲ့အခါမှာ ကျွန်တော့်ကိုတွေ့ပြီး ကမ်းလှမ်းခဲ့တာပါ”

သူ့အနေနဲ့ကတော့ ရုပ်ရှင်သရုပ်ဆောင်တာရော၊ Presenter လုပ်ရတာရော သဘောကျနှစ်ခြိုက်တဲ့အတွက်ကြောင့် နှစ်ခုလုံးလုပ်ရတာ အရမ်းပျော်ဖို့ကောင်းတယ်လို့ ဆိုပါတယ်။ ကိုကျော်ထက်အောင်ရဲ့ အတွေ့အကြုံတွေကြောင့် Presentation လုပ်ရတဲ့ Presenter အလုပ်က သူ့အတွက် ဇောချွေးပြန်ရတဲ့အထိ ခက်ခဲမှုမရှိခဲ့ပေမယ့်လည်း သရုပ်ဆောင်တာကတော့ အနှီးထုပ်ကလေးလေးဘ၀ပဲ ရှိပါသေးတယ်လို့ ပြောရင်းရယ်နေပါတော့တယ်။

“ဒီသရုပ်ဆောင်ပညာက ရူးသွပ်တုန်းက ဒီလောက်ခက်မယ်မထင်ထားဘူး။ ကိုယ်တိုင်လုပ်ရတဲ့အခါမှာတော့ ကျော်ထက်အောင်မဟုတ်တဲ့ ၀ိဥာဉ်တွေကို ခန္ဓာကိုယ်ထဲ ဆွဲသွင်းထားရတာ။ ကျော်ထက်အောင်ဆိုတဲ့ ၀ိဥာဉ်ကို ခန္ဓာကိုယ်ထဲက ဆွဲထုတ်ထားရတာဆိုတဲ့အတွက်ကြောင့် တော်တော်ခက်ပါတယ်”

“ကျော်ထက်အောင်” ဆိုတာ လွယ်လွယ်နဲ့ ဖြစ်ခဲ့တာလားမေးမယ်ဆိုရင် လုံးဝနိုးလို့ ဖြေရပါလိမ့်မယ်။ အခုအချိန်မှာ အောင်မြင်မှုတစ်နေရာကို ရနေတဲ့အမျိုးသားတစ်ဦးဖြစ်နေပေမယ့်လည်း လူတွေမသိခဲ့လိုက်တဲ့ သူ့ရဲ့နောက်ကွယ်က အခက်အခဲတွေက ဘာတွေများဖြစ်လိမ့်မလဲ။ ကိုကျော်ထက်အောင်က ၂၀၀၀ ခုနစ်ဝန်းကျင်ထဲက Talents & Models Agency မှာ သရုပ်ဆောင်သင်တန်း စတင်တက်ရောက်ခဲ့ပြီး သူဝါသနာပါတဲ့ အနုပညာလောကထဲကို ၀င်ရောက်လာခဲ့ပေမယ့် Career ပိုင်းနဲ့ ပတ်သက်ပြီး လွန်ဆွဲစရာကိစ္စတွေ သူ့မှာဖြစ်လာရပါတယ်။ အဲဒါကတော့

“အိမ်ရဲ့ယောက်ျားလေးတစ်ယောက်အနေနဲ့ ပိုက်ဆံရှာဖို့ဆိုတဲ့တာဝန်တစ်ခုရှိလာပါတယ်။ သားနှစ်ယောက်ပဲရှိတဲ့အခါကျတော့လေ။ အနုပညာလုပ်တယ်ဆိုတာက ယောက်ျားလေးတစ်ယောက်အနေနဲ့ ဖြစ်ထွန်းဖို့ဆိုတာ အဲဒီ့ခေတ်အခါတုန်းက တော်တော့်ကို ခဲယဉ်းပါတယ်။ ကြာလာတဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ် သုံးချင်စွဲချင်လာတာတွေ၊ အိမ်အတွက်လိုအပ်တာတွေ ရှိလာတဲ့အခါကျတော့ ၀န်ထမ်းဘ၀ကိုချိန်းလိုက်ရတာပေါ့”

သူဟာ မိသားစုလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် ၀ါသနာပါရာအနုပညာကို စွန့်ခွာရင်း ဟိုတယ်နဲ့ပတ်သက်တဲ့သင်တန်းတွေကို တက်ရောက်ခဲ့ရပါတော့တယ်။ ဒါပေမယ့် လှံထမ်းလာတာကိုသာမြင်ရတယ်၊ ကံထမ်းလာတာကိုမမြင်ရဘူးဆိုတဲ့အတိုင်း ကိုကျော်ထက်အောင်အနေနဲ့ သူ့ရင်ထဲက အရမ်း Passionate ဖြစ်တဲ့ သူ့ရဲ့ဝါသနာတွေအတွက် ဆန္ဒအရမ်းပြင်းပြလာတဲ့အခါမှာတော့ တစ်ပတ်ပြန်လှည့်လာခဲ့တဲ့ ကံကြမ္မာကောင်းတစ်ခုကို သူကြုံတွေ့ခဲ့ရပါတယ်။

“မမြင်ရတဲ့ Spirit ပေါ့။ ကံကောင်းချင်တော့လည်း Career က အနုပညာလမ်းကြောင်းပေါ်ကို ပြန်ရောက်လာနိုင်တဲ့ Career အဖြစ် Family Entertainment မှာ ၇နှစ်နီးပါး နောက်ခံစကားပြောလုပ်ခဲ့ရတယ်။ ပြီးတဲ့နောက် TV Presenter ဖြစ်၊ နောက်ပြီး Channel Manager ဖြစ်။ Channel Manager ဘ၀ကနေမှ Market တွေရော TV နောက်ကွယ်မှာ ရောက်သွားတာပေါ့နော့်။ ကြာတော့လည်း နောက်ကွယ်မှာ Computer တစ်လုံးနဲ့ နေရတဲ့ဘ၀ကို ငြီးငွေ့လာပြီး Family Entertainment နဲ့လက်တွဲဖြုတ်ပြီး MC ဘ၀ကို သွားခဲ့တယ်” လို့ သူ့ဘ၀မှာ ဒီနေရာကိုရောက်တဲ့အထိ အဆင့်အဆင့်ကျော်ဖြတ်ခဲ့ရတဲ့ Career တွေကို ချပြခဲ့ပါတယ်။

ကိုကျော်ထက်အောင်အတွက်ကတော့ TV Presenter ဘ၀တုန်းက မှားသွားရင် ပြန်ပြင်လို့ရတဲ့အတွက်ကြောင့် အခက်အခဲများစွာမရှိခဲ့ပေမယ့်လည်း Live Programme တွေနဲ့ နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရတဲ့အခါမှာတော့ ဆိုလိုရင်းတွေ၊ Tempo အတက်အကျတွေ၊ Controller တွေရဲ့ Command တွေကို ထိန်းလာရတာတွေ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“အဓိကတော့ အနောက်က Command ပေးတဲ့ Earpiece က Connection လွတ်သွားတဲ့အချိန် ကျွန်တော် ဇောချွေးအပြန်ရဆုံးအချိန်ပါပဲ။ ကျွန်တော်အလွဲဆုံးပေါ့။ အဲဒီ့အချိန်မျိုးမှာဆိုရင် ကိုယ့်ဘာသာကိုယ် ပွဲထိန်းရတယ်။ နောက် Programme တွေချိန်းဖို့ကို နားတွေကိုလက်တွေနဲ့ထိုးပြ၊ ခါးတွေလက်တွေလှုပ်ပြပေါ့နော်။ Cameraman တွေကနေတစ်ဆင့် Command သမားတွေမြင်အောင်။ အဲဒီလိုကြီးတွေလွဲတာပါ” ဆိုပြီး ကျော်ထက်အောင်နဲ့ စင်ပေါ်မှအလွဲများကို ရယ်ရင်းမောရင်းပြောပြပါသေးတယ်။

ကိုကျော်ထက်အောင်အနေနဲ့ အခုလက်ရှိအနုပညာရှင်ဘ၀မှာသာ မရှိခဲ့ဘူးဆိုရင်လို့ မေးလိုက်တဲ့အခါမှာတော့ “ကျွန်တော် Management Level ထဲမှာ Executive တစ်ယောက်ဖြစ်နေပါပြီ” လို့ ယုံကြည်မှုရှိရှိဖြေခဲ့တာကို တွေ့လိုက်ရတော့ “ကျွန်တော်ကတော့ ဘယ်လို Career မှာပဲဖြစ်ဖြစ် ယုံကြည်မှုရှိရှိနဲ့ စိတ်ဆန္ဒပြင်းပြင်းလျှောက်လှမ်းနေမှာပါ” လို့ပြောလိုက်တာကို ကြားလိုက်ရသလိုပါပဲ။

ဒီလောက် ဆွဲဆောင်မှုရှိပြီး ယုံကြည်မှုပြင်းပြတဲ့အမျိုးသားတစ်ဦးရဲ့ ချစ်ရေးချစ်ရာဆိုရင်ရော ဘယ်လိုဖြစ်လိမ့်မလဲ။ ကျွန်မ တကယ်ကို စိတ်ဝင်စားမိတဲ့ အကြောင်းအရာပါပဲ။

“အခုတော့ အနေဝေးလို့သွေးအေးတယ်ဆိုတဲ့ ပုံစံပေါ့နော်။ အခုလောလောဆယ်မှာတော့ ချစ်ရတဲ့သူတွေကတော့ Fan တွေကိုတင်စားသလို အမျိုးတွေပဲရှိပါတယ်။ ဒီအရွယ်ရောက်မှတော့ မရှိဘူးဆိုတာ မဟုတ်ပါဘူး။ ရှိခဲ့ဖူးပါတယ်ဗျ”

ကျွန်မတို့လူငယ်တွေအကုန်လုံးကတော့ ကျွန်မတို့ ၀ါသနာပါရာဘ၀တက်လမ်းအသီးသီးမှာ ကြိုးစားလျှောက်လှမ်းနေကြဆဲပါပဲ။ ဒီလိုနဲ့ အချိန်တစ်ခုမှာ အောင်မြင်သွားကြသူတွေလည်းရှိသလို တစ်ချို့တွေကလည်း လမ်းတစ်ဝက်နဲ့တင် လှည့်ပြန်ခဲ့ရပြီး ရှုံးနိမ့်သွားကြရပါတော့တယ်။ သူတို့တွေဘာကြောင့်ရှုံးနိမ့်သွားကြရတာလဲ။ အောင်မြင်ဖို့က ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေလို့လဲဆိုတာကိုတော့ Career တစ်ခုကို အောင်မြင်စွာလျှောက်လှမ်းနေနိုင်ကြတဲ့သူတွေကိုတွေ့တိုင်း ကျွန်မမေးလေ့ရှိတဲ့မေးခွန်းတစ်ခုပါပဲ။

“အဓိက ယုံကြည်မှုမပျောက်သွားဖို့ပဲ။ ကိုယ့်ကိုယ်ကို နဖူးပေါ်လက်တင်ပြီးစဉ်းစား။ ဘာဖြစ်ချင်တာလဲ ဆိုတာမျိုးပေါ့။ အဲဒါအရမ်းအရေးကြီးပါတယ်။ မပျက်သားလို့ရှိရင်တော့ သွားမှာပဲ။ ဥပမာ ပညာရေးကိုပဲ ဦးစားပေးချင်တယ်ဆိုရင် တစ်စိုက်မက်မက် ပညာရေးကိုပဲ ဦးစားပေး။ အနုပညာလုပ်ချင်တယ်ဆိုလည်း ဘာဖြစ်ချင်တာလဲ။ ဂစ်တာတီးချင်တာလား။ အရေးကြီးတာက ဘာလုပ်ချင်တယ်ဆိုတာကို Focus ဖြတ်ဖို့အရေးကြီးတယ်။ ခေတ်ကလည်းမတူတော့ပါဘူး။ ဒီဘက်ခေတ်မိဘတွေက လူငယ်တွေ ၀ါသနာပါရာကိုလိုက်လုပ်ပေးတဲ့ခေတ် ဖြစ်သွားပြီလေ။ မိဘဖြစ်ချင်တာကို ကိုယ်လုပ်ပေးရတဲ့ခေတ် မဟုတ်တော့ဘူး။ နောက်ပြီး ကိုယ်ယုံကြည်ကိုးကွယ်ရာဘာသာတရားကို ကိုင်းရှိုင်းပေါ့။ စိတ်ဓာတ်မကျဖို့လည်း အရေးကြီးသလို ဇွဲ၊ လုံ့လ၊ ၀ီရိယနဲ့ ဘာသာတရားကလည်း အရေးကြီးပါတယ်” ဆိုပြီး သူ့ရဲ့ ဘ၀အတွေ့အကြုံတွေကို လက်ရှိလျှောက်လှမ်းနေတဲ့လူငယ်တွေအတွက်လည်း မျှဝေပေးလိုက်ပါတယ်။

အနုပညာမှာအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် ပြင်ပစီးပွားရေးလုပ်ငန်းအနေနဲ့ အရင်တုန်းကလုပ်ခဲ့ဖူးတဲ့ Handmade Card လုပ်ငန်းလေးတွေကို ပြန်လုပ်ချင်နေတယ်လို့ ပြောတဲ့ ကိုကျော်ထက်အောင်ကတော့ လက်ရှိမှာ အနုပညာလုပ်ငန်းတွေကိုလုပ်ကိုင်ရင်း မအားမလပ်ဖြစ်နေပြီး “အောင်ခေတ်မင်းရုပ်ရှင်ထုတ်လုပ်ရေး” ကနေရိုက်ကူးထားတဲ့ “သူငယ်”  ရုပ်ရှင်ကားကြီးကတော့ ဇွန်လကုန်ဝန်းကျင်မှာ ရုံတင်ဖို့ ရှိနေပါတယ်လို့ ကိုကျော်ထက်အောင်ရဲ့ ပရိသတ်တွေကိုလည်း ရုပ်ရှင်လက်မှတ်ဘိုကင်လုပ်လို့ရအောင် လက်တို့ရင်း Career လမ်းကြောင်းပေါ်မှာ အောင်မြင်စွာလျှောက်လှမ်းနေတဲ့ ဆွဲဆောင်မှုခပ်ပြင်းပြင်းနဲ့ အမျိုးသား ကိုကျော်ထက်အောင်ကို ကျွန်မတို့ MODA အဖွဲ့သားများက ဂုဏ်ယူရင်းတင်ဆက်လိုက်ပါတော့တယ်။

Editor : Moethae Say

 



Share this article

TOP 5 ARTICLES


Celebrity Beauty   |   Posted on Nov 15, 2018

Pop Princess လေး Dua Lipa...


Celebrity News   |   Posted on Nov 15, 2018

ဒီဇင်ဘာလ ၅ရက်နေ့မှာ လက်ထပ...


Beauty Box   |   Posted on Nov 14, 2018

The Body Shop ရဲ့ ရင်ခုန်...


Celebrity Beauty   |   Posted on Nov 14, 2018

DRAMA SERIES အသစ်တစ်ခုထွက...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.